ကျိုက်မရော ဖေဖေါဝါရီ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီ အချိန်က ကျိုက်မရောမြို့ ပြည်သူ့အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများ၊ ပြည်သူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး က ဖတ်ကြားခဲ့သည်။
၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်း စာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)