ကျိုက်မရော ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသော ရေပူကော့စပ်ကျေးရွာရှိ ဒေါင်ဒင်းအင်းငါးဖမ်းပွဲတော်ကို ယနေ့နံနက် ၇ နာရီမှစတင်ကာ အဆိုပါ အင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါငါးဖမ်းပွဲတော်ကို နှစ်စဉ်တပို့တွဲလရောက်တိုင်း ကရင်လူမျိုးတို့၏ တိုင်းရင်းသားရိုးရာဓလေ့နှင့်အညီ ပျော်ရွှင်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး ငါးဖမ်းပွဲတော်ကျင်းပမည့်နေ့ရက်ကိုလည်း အနယ်နယ်အရပ်ရပ်မှ ငါးဖမ်းဝါသနာရှင်များနှင့် လာရောက်ကြည့်ရှု လေ့လာလိုသူများ ကြိုတင်သိရှိစေရန် သတင်းမီဒီယာများမှတစ်ဆင့်ကြေညာထားပြီးဖြစ်ရာ ငါးဖမ်းပွဲတော်နေ့ မရောက်မီရက်ပိုင်းမှစ၍ ငါးဖမ်းဝါသနာရှင်များ၊ မြန်မာ့ရေသယံဇာတပေါများကြွယ်ဝမှုနှင့် ကျေးရွာဓလေ့ရှုခင်းများကို လေ့လာလိုသူများက ကြိုတင်လာရောက်လေ့ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ငါးဖမ်းပွဲတော်ကို ယခင်နှစ်များကထက် ပိုမိုစည်ကားသိုက်မြိုက်စေရန်ရည်ရွယ်၍ တိုင်းရင်းသားရိုးရာကရင်ဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခြင်း ငါးဖမ်းပွဲတော်လာသည့်ပြည်သူများအား ရိုကာမုန့်များဖြင့် ကျွေးမွေးသည့်အစီအစဉ်များပါရှိသဖြင့် ယခင်နှစ်များကထက်ပိုမိုစည်ကားပြီး ရပ်ဝေးမှငါးဖမ်းဝါသနာရှင်များ၊ သတင်းမီဒီယာများ၊ ရွာနီးချုပ်စပ်မှ အပျော်တမ်းငါးဖမ်းသမားများက ရိုးရာမပျက်လာရောက်ဆင်နွှဲလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။ အဆိုပါ အင်းအတွင်းမှ ဖမ်းယူရရှိသော ငါးအမျိုးအစားများမှာ ငါးပတ်၊ ငါးမြွေထိုး၊ ငါးဖောင်ရိုး၊ ငါးဖယ်၊ ငါးမြစ်ချင်း၊ ငါးနုသန်းနှင့် ရေချိုပုဇွန်ထုပ်များဖြစ်ပြီး ဖမ်းမိသောငါးများကို ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကာ ကျေးရွာဒေသခံပြည်သူများနှင့် ရင်းနှီးချစ်ကြည်စွာတွေ့ဆုံ၍ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်း၊ ဒုံးယိမ်းအကများတေးသီချင်းများသီဆိုကခုန်ကာ ငါးဖမ်းပွဲတော်ကြီးကို နှစ်စဉ်ရိုးရာမပျက် လာရောက်ဆင်နွှဲကြကြောင်း၊ အဆိုပါဒေါင်ဒင်အင်းငါးဖမ်းပွဲတော်သည် မွန်ပြည်နယ်ကျိုက်မရောမြို့၏ ထင်ရှားသောရိုးရာပွဲတော်တစ်ခုဖြစ်ပြီးယခုနှစ်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ရေပူကော့စပ်ရွာမှ ဒေသခံဦးစောမြင့်သိန်း၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)