မော်လမြိုင် ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏နှစ်ပတ်လည် အသင်းသားစုံညီပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းဝင်ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားကို ရွှေဟင်္သာမောင်နှံအကအလှဖြင့် ဖွင့်လှစ်ခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်၏အဓိကထွက်ကုန်များဖြစ်သည့် ရာဘာ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံ၊ ဆားနှင့်ဆန်စပါး၊ ကွမ်းသီးအစရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း/ပြည်ပများသို့ တင်ပို့ရောင်းဝယ်ကြရာတွင် လုပ်ငန်းရှင်များတွေ့ကြုံရသည့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများထံ ညှိနှိုင်းတင်ပြပေးခြင်း၊ နိုင်ငံတော်အစိုးရကချမှတ်ပေးထားသော စီးပွားရေးဆိုင်ရာမူဝါဒများကို လုပ်ငန်းရှင်များ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက် နိုင်စေရေး အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်တွန်းအားပေး ဆောင်ရွက်လိုကြောင်း၊ မိမိတို့ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် One Village One Product ဆိုသည့် ကျေးရွာတစ်ခုထုတ်ကုန်တစ်ခု ရရှိစေရေးများကိုလည်း မွန်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဦးတည်ချက်ထား၍ အလေးထား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အတွက် MSCCI အသင်းကြီးအနေနဲ့ လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်တဲ့ကဏ္ဍများမှာ ကူညီပံ့ပိုးပြီးပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍကိုကိုယ်စားပြုသည့် ပြည်နယ်၏အကြီးဆုံးအဖွဲ့ အစည်းဖြစ်သည့်မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းကြီး၏ အသင်းသားအဖွဲ့ဝင်များအနေနဲ့ အသင်း၏လှုပ်ရှားမှုများတွင် တတ်နိုင်သမျှပူးပေါင်းပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း အသင်းအား ညီနောင်အသင်းများဖြင့် စုဖွဲ့ထားသည့်အတွက်ညီနောင် အသင်းများအင်အားရှိမှ အသင်း အင်အားရှိမည်ဖြစ်၍ ညီနောင်အသင်းများ အားကောင်းမောင်းသန်ဖြစ်စေရေး အသင်းအနေနဲ့ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ထိုနောက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်ကအဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားပြီးအမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ တက်ရောက်လာကြသော အသင်းဝင်ကုန်သည်ကြီးများ နှင့်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးအား ဆက်လက်ကျင်းပ ပြုလုပ်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဌာရေးရှင်းတမ်းအား အထွေထွေအတွင်းရေးမှူးက ဖတ်ကြားတင်ပြခဲ့မှုအပေါ် တက်ရောက်လာသည့်အသင်းသားများက အတည်ပြုပေးခဲ့ကြသည်။
ယင်းနောက် ၂၀၂၂-၂၀၂၅ သက်တမ်းအတွက် ရွေးချယ်တင်မြောက်ခြင်းခံရသော အမှုဆောင်အဖွဲ့များ၏ အမည်စာရင်းကိုရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်မှ ဖတ်ကြားခဲ့ပြီး ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဋ္ဌသစ်ကမိတ်ဆက်စကားနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ခင်စန်းမြင့်
ခရိုင် (ပြန်/ဆက်)