ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မဟာအတုလဝေယံသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားကြီးကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း (၉)ရက်နေ့မှ တပေါင်းလပြည့် ကျော် (၁) ရက်နေ့ထိ ( ၂၇. ၂.၂၀၂၃ မှ ၆. ၃.၂၀၂၃ ထိ) ကိုဗစ် စည်းကမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ တပေါင်းလဗုဒ္ဓ ပူဇနိယပွဲတော်အား အကြိုတရားပွဲများ၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေသားမျက်နှာကျက်ကပ်လှူခြင်း၊ နေ့စဉ်ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူရေးနှင့် ဆွမ်းလုံးကြီး လောင်းလှူ ရေး၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ အကျိုးတော်ဆောင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပွဲတော်ကျင်းပရေးစီမံချက်၊ ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီများဖြင့် တပေါင်းလဗုဒ္ဓပူဇနိယ ပွဲတော်ကြီး အောင်မြင်ချောမွေ့စွာ ကျင်းပပြီးစီးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော် ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့၏ လမ်းညွှန်မှု၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် (၈) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် /ဆက်)