ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကျင်းပ

ကျိုက်မရော ဖေဖေါဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နေ့လည် တစ်နာရီ က အ.ထ.က ကျိုက်မရော ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က ကျိုက်မရော ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်က ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စစ်တုရင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားရာ၌ ကျောင်းသူကျောင်းသူ လူငယ်များအနေဖြင့်  စိတ်ကူးစိတ်သန်းအတွေးအခေါ် ညဏ်ရည် ထက်မြက်စေရန်၊ စိတ်တည်ငြိမ်မှုရရှိစေနိုင်ပြီး ပျော်စရာကောင်းသည့် စစ်တုရင် အားကစားနည်းကို စိတ်ပါဝင်စားပြီး ထူးချွန်ထက်မြက်သည့် နိုင်ငံဂုဏ်ဆောင် စစ်တုရင်အား ကစားသမားများ ပေါ်ထွန်းလာစေ ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် အမျိုးသားစစ်တုရင် (၁၁)ခုံ၊ အမျိုး သမီး(၇)ခုံ စုစုပေါင်း စစ်တုရင် ၁၈ ခုံ တို့တွင် ပွဲစဥ် (၁၈)ပွဲကျင်းပခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၃၆)ဦးတို့က ပြိုင်ပွဲကို စိတ်ပါဝင်စားစွာ အကြိတ်အနယ် ယှဉ်ပြိုင်ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။

အဆိုပါစစ်တုရင် အားကစားပြိုင်ပွဲ၌ ဆုရရှိသူများကို ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)