ရွှေဘို ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်ရေးရာကော်မတီနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရွှေရတုခန်းမတွင် ယနေ့ နံနက်ပိုင်းက လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ခရိုင် အားကစားနှင့် ကာယပညာဦးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာ တွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်နှင် အားကစားလှုပ်ရှားခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာမည် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာအားကာ ဦးစီးအရာရှိ ဦးကျော်သူရက ဆွေးနွေးမည့်သူများနှင့် မိတ်ဆက်ပေးကာ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က အားကစားနှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦးကျော် တက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်