လက်ပံတန်း ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမနှင့် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမင်းထွန်းက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးခဲ့သည်။ ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ပံတန်းမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စစ်သူရဲ၊ ဂုဏ်ပြုကြစို့၊ ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ထောင်စုပွဲ၊ တာဝန်ကိုယ်စီစသည့် ကဗျာများဖြင့် ရွတ်ဆိုပြိုင်ပွဲဝင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)