ဒေးဒရဲ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသိပညာဗဟုသုတများ တိုးပွား စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်များ ဗလငါးတန် ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များ ဖြစ်ပေါ်လာစေရေး လူငယ်ရေးရာ ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်နှင့် ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကိုင်ကျင့်တရား ဆိုသည်မှာ ကိုယ်နှုတ်နှလုံးစောင့်စည်းမှု၊ ကိုယ်ကျင့်သိက္ခာ ဖြစ်ပြီး ရိုးသားဖြောင့်မတ်ခြင်း၊ သီလရှိခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ မတရားမှု၊ မကောင်းမှုတို့ကို ရှောင်ရှားခြင်း နှင့် ကောင်းမှုဟူသမျှတို့ကို လိုလားနှစ်သက်ခြင်းတို့ဖြစ်ပြီး ကိုယ်ကျင့်တရား ရှိလျှင် လူတိုင်းက လေးစားချစ်မြတ်နိုးခြင်း ခံရမည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်မှု သာယာအေးချမ်းမှုများ ဖြစ်ပေါ်လာစေရေး လူငယ်များ၏ ပါဝင်မှုသည် အရေးကြီးပါကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သုတ၊ ရသစာအုပ် စာစောင်များနှင့် အသိပညာပေး နံရံကပ် စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အေဇာလင်း