တောင်ငူ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း က တောင်ငူမြို့၊ လဲဘူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (လဲဘူး)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့်နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေး က လူငယ်များသိသင့်သော အားကစားဆိုင်ရာအချက်အလက်များ ဟောပြောပြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်း က ပြည်ထောင်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်စာပေ စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်းနှင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)