ဖြူးမြို့နယ် ကံကလေးကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကျောက်ရောမြေခင်း ကုန်ထုတ်လမ်း ပြီးစီးသွား၍ဖွင့်လှစ်

ဖြူး ဖေ​ဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အကြပ်အင်းကျေးရွာအုပ်စု၊ ကံကလေးကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အဆင်ပြေစေမည့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း (လမ်းမြေသားအပိုင်းပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းအပိုင်း) လုပ်ငန်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ပြီးစီးသွားသောကြောင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့၊ နံနက်(၉)နာရီအချိန်က အဆိုပါကုန်ထုတ်လမ်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်းအား တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုး၊  ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်နှင့်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာနေ ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကံကလေးကျေးရွာ ကုန်ထုတ်လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်(၈၄.၈၆)သန်းဖြင့်  မြေသားလမ်းအရှည်(၅၅၀၀)ပေ၊ လမ်းအမြင့်(၂)ပေ ဆောင်ရွက်ပြီး အဆိုပါလမ်းအရှည်အတိုင်းအကျယ် (၁၂)ပေ၊ အမြင့်(၉)လက်မကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်းရှိလာခြင်းကြောင့် ကျေးရွာအုပ်စုအတွင်းအဓိက အားထားလုပ်ကိုင်ရသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများနှင့် ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)