ဖျာပုံ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်၊လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက် သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့နယ် ကနိကျေးရွာအုပ်စု၊ အထကကျောင်း၊ ကျော်ဇံဦးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဖျာပုံမြို့နယ်၊ ကနိကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြမိုးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် "လူငယ် စကားဝိုင်း"ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ်၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုမြတ်သဲ၊ ကနိကျေးရွာအ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြမိုးတို့နှင့် အတူ၊ ကနိကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း Grade(10)မှ မောင်လမင်းအောင်က "လူငယ်နှင့်စာရိတ္တ၊ မောင်ဉာဏ်လင်းထက်က "လူငယ်နှင့် ကျန်းမာရေး" မဝင်းဝင်းအေးက "လူငယ်နှင့် စာပေ"၊ မဝင်းပပဖြိုးက "လူငယ်နှင့်အားကစား" စသည့်ခေါင်းစဉ်တို့ကို တစ်ဦး ချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက သိရှိလိုသည်များအား မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကနိကျေးရွာ အ.ထ.က. ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြမိုးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါ စကားဝိုင်းသို့ ကနိကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးခန့် တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဖျာပုံခရိုင်ပြန်/ဆက်