ညောင်တုန်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေး ဟောပြောပွဲမျာကို ယနေ့ နံနက်ပိုင်းက ခေမာဝတီအခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ခေမာဝတီအခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးက ကျောင်းသား၊ ကျောင်းသူလေးများ စွန့်ပစ် ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြားစွန့်ပစ်တတ်စေရန်၊ တစ်ကိုယ်ရည် အမှိုက်စွန့်ပစ်မှုလျော့ကျစေရန်စသည့် ရည်ရွယ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဦးအောင်နိုင်က အမှိုက်အမျိုးအစားအလိုက် စနစ်တကျ စွန့်ပစ်နည်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများအကြောင်း၊ ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်း အကြောင်းအရာများကို ဟောပြောသရုပ်ဖော်ပြသ၍ ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ပြီး အဖြေမှန် သူများအား ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)