ဖောင်းပြင် ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကျေးလက်ဒေသရှိ လမ်းများကောင်းမွန်စေရေးအတွက် ၂၀၂၂- ၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၄၂ သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ၁၇ ဒသမ ၆ သန်းဖြင့် Box- Culvert နှစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပိုးစာကုန်းကျေးရွာမှ နောင်ရင်းကျေးရွာ၊ မင်းယားကျေးရွာ၊ မန်မော်ကျေးရွာသို့ သွားရာလမ်း ၌ လမ်းအရှည် ၂၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၅-၁၀-၂၀၂၂ ရက်နေ့ကလည်းကောင်း၊ လမ်းမပေါ်တွင် ရေဝပ်ခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် အရှည် ၅ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၅ ပေရှိသော Box- Culvert နှစ်စင်းကို ၃-၁-၂၀၂၃ ရက်နေ့ကလည်းကောင်း စတင် ဆောင်ရွက် ခဲ့သည်။
အဆိုပါ လမ်းများမှာ ယခင်က မြေသားလမ်းများဖြစ်သည့်အတွက် မိုးရာသီကာလတွင် လမ်းများပျက်စီးမှုများရှိပြီး သွားလာမှု အဆင်မပြေခြင်းများရှိနေကြောင်း ယခုကဲ့သို့ လမ်းများကို အဆင့်မြှင့်တင်ကာ ဆောင်ရွက်မှုကြောင့် ဒေသခံ ပြည်သူများအနေဖြင့် လယ်ယာထွက်ကုန်များကို သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်ပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် ရာသီမရွေးအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)