မုဒုံ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ခွေးရူးရောဂါအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲကိုပြုလုပ်ရာ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါက်တာအေးချမ်းနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မျိုးဆန်းတို့က ကမ္ဘာပေါ်တွင် ၁၅ မိနစ်ခန့်၌ တစ်ယောက်နှုန်း ခွေးရူးရောဂါခံစားနေရကြောင်း၊ နွေးဦးရာသီတွင် ခွေးရူးရောဂါအဖြစ်များကြောင်းနှင့် ရောဂါဖြစ်ပွားပုံ၊ ကာကွယ်ကုသနည်းနှင့် ခွေးရူးရောဂါလက္ခဏာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မုဒုံမြို့နယ်ရုံးမှ ဒုဦးစီးမှူး ဒေါက်တာ ထက်ထက်သိန်းက ပိုင်ရှင်ရှိခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မုဒုံသူ