စစ်ကိုင်း ဖေဖော်ဝါရီ ၁၀
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၁)နှစ်မြောက် အထိမ်းအမှတ်ဂုဏ်ပြု သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သုတေသန နှင့်ဖွံ့ဖြိုးမှုဌာနမှ ကျင်းပခဲ့ကြောင်းသိရသည်။
ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုစာတမ်းဖတ်ပွဲ ရည်ရွယ်ချက် (၂)ရပ်မှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမကောလိပ်(မန္တလေး)၊ ယွန်းပညာကောလိပ်(ပုဂံ)နှင့် ဘာသာရပ်ဌာနများရှိ ဆရာ၊ ဆရာမ များ၏ စွမ်းရည် ပိုမိုမြင့်မားလာစေရန်နှင့် ဒေသတွင်း လူမှုစီးပွားရေး ပိုမိုသိရှိနိုင်စေရန်နှင့် ပြည်တွင်း ပြည်ပတွင် သုတေသနစာတမ်းများ ဖတ်ကြားပြီး၊ သုတေသနပြုလုပ်လိုစိတ် ပိုမိုပေါ်ပေါက်လာစေရန်၊ ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြု သုတေသန စာတမ်းများ ထွက်ပေါ်လာစေရန်နှင့် အရည်အသွေးပြည့်ဝသောသုတေသနဂျာနယ် ထုတ်ဝေနိုင်ရန် ကျင်းပကြောင်း၊ ယခုနှစ် စာတမ်းဖတ်ပွဲ Themes မှာ Qualified Research for Bringing Brighter Future of Social Cohesion and Economic Development ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် KOREA MYANMAR RESEARCH ASSOCIATION, UNIVERSITY OF MALAYSIA SARAWAK စသည့် နိုင်ငံတကာတက္ကသိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် KOMYRA သုတေသန ဂျာနယ်များတွင် ပါဝင်ခွင့်ရရှိခဲ့ကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် အသစ်ဆန်းများ တွေ့ရှိရသဖြင့်၊ သင်ကြားရေးတွင် များစွာအထောက် အကူပြုခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်ခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ Network ကျယ်ပြန့်လာခြင်း၊ စဉ်းစားတွေးခေါ်မှုတိုးတက် လာခြင်း၊ ဆန်းစစ် ဝေဖန်ပိုင်းခြား လာနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိကြောင်း၊ နောင်တွင် ပြည်ပစာတမ်းရှင်များပါ ဖိတ်ခေါ်လျက် International Conference ကျင်းပနိုင်သည်အထိ ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စာတမ်းရှင်များမှ ဘာသာရပ်အကျိုးပြုစာတမ်း(၅)စောင်၊ လူမှုအကျိုးပြု စာတမ်း (၇)စောင်၊ ဒေသအကျိုးပြုစာတမ်း(၁)စောင်၊ ပေါင်း(၁၃)စောင်ကို online၊ offline တို့ဖြင့် ဖတ်ကြားခဲ့ကြပြီး စာတမ်းဖတ်ကြားခဲ့သည့် ပညာရှင်များအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်