ဖျာပုံ ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့နယ်၊ ကနိကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျော်ဇံဦးကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြော၍၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ယနေ့လူငယ်များသည် အနာဂတ်၏ မျိုးဆက်သစ် လူငယ်များ ဖြစ်သည့်အတွက် ပညာရည်မြင့်၊ ဥာဏ်ရည်မြင့်သည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြဖို့ လိုကြောင်း၊ ယနေ့လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်" အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်စုမြတ်သဲက "အားကစားနှင့်အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များ အနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စား စေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားတွင် စိတ်ပါဝင်စားကြသော ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ခဲ့ကြသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်၊ စာစောင်ပြပွဲနှင့်၊ နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မာမာလွင်