အစိုးရရုံးဌာနအဆောက်အဦးများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး စစ်ဆေးခြင်းများဆောင်ရွက်

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အစိုးရရုံးဌာနအဆောက်အဦးများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး စစ်ဆေးခြင်းများကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရုံးဌာနအဆောက်အဦီးများ နေအိမ်လိုင်းခန်းများ ပြည်သူပိုင်ပစ္စည်းများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကြိုတင်ကာကွယ်ရေးအတွက် အစိုးရရုံးအ‌ဆောက်အဦးတိုင်းတွင် မီးသတ်ဆေးဘူးများထားရှိနိုင်ရေး ရေပုံး သဲပုံး မီးချိတ် မီးကပ်များ ထားရှိနိုင်ရေး ရုံးနှင့်ပတ်ဝန်းကျင် သန့်ရှင်းစေရေး ရုံးဌာနများ၏ အနီးတဝိုက် ရေရရှိရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန်နှင့် ဌာနဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ်ပွင့်လင်းရာသီတွင် မီးလန့်မှုများရှိခဲ့သော်လည်း ရုံးဌာနအဆောက်အဦးများတွင် မီးလန့်မှုလုံးဝမရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

ဇေယျာထွန်း(ပြန်/ ဆက်)