ကျောင်းသား/ ကျောင်းသူများအား စာဖတ်ဝိုင်း၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲများ ဖြူးမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ပေး

ဖြူး ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ​ကျောင်းသား/ ကျောင်းသူများအား စာပေနှင့်ပတ်သက်သည် ​ပြင်ပဗဟုသုတများရရှိစေရေး၊ စာဖတ်ရှိန်​မြှင့်တင်ရေးနှင့် စာကြည့်တိုက်ကို ရင်းနှီးပြီး စာငှားစာဖတ်မှုများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က(၁)ကျောင်း၊ အ.ထ.က(၂)ကျောင်း၊ အ.လ.ကမြို့မ(၁) ကျောင်း၊ အ.လ.ကခွဲမြို့မ( ၂)ကျောင်း၊ မူလတန်းလွန်(တပ်တွင်း)ကျောင်း၊ မူလတန်းလွန်(စာရေးလမ်း)ကျောင်းများမှ ပြည်သူ့စာကြည့်တွင် စာအုပ်စာပေ လာရောက်ငှားရမ်းကြသည့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဟောပြောသည့် ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့ စာအုပ်ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ဦးဆောင်ကာ ဖတ်ကြားခြင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းအပြီးတွင် တက်ရောက်လာသော  ကျောင်းသားကျောင်းသူများက စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအနေဖြင့် ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်/ စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်မှတ် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)