(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့နယ် မြောင်းဆုံကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ပြည် ဖေဖော်ဝါရီ ၁၀

၂၀၂၃ခုနှစ် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းကပြည်မြို့နယ် မြောင်းဆုံကျေးရွာ၌ "ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်" ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများတက်ရောက်သည်။

အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဟန်မြင့်ထွန်းက ကျေးရွာကွန်ကရစ်လမ်းသစ် ရေရှည်တည်တံ့ရေး အမှာစကားပြောကြားပြီး ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဌေးဇော်က လမ်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြားကာ ကျေးရွာပြည်သူဦးခင်ဇော်က လမ်းဆောင်ရွက်ပေးမှုအတွက် ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဟန်မြင့်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဌေးဇော်တို့က ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အရှည်ပေ ၁၀၀၀၊ အကျယ်၁၂ပေနှင့် ၆ လက်မထုရှိ အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ကို    ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူတို့မှ (ပစ္စည်း/ လုပ်အား) အပါအဝင် ပူးပေါင်းပါဝင်ထည့်ဝင်ငွေကျပ် ၇သန်း၊ စုစုပေါင်း ငွေကျပ်၁၇သန်းဖြင့် ယမန်နှစ် ဒီဇင်ဘာပထမပတ်က စတင်ဆောင်ရွက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းကျေးရွာကွန်ကရစ်လမ်းသစ်သည် ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်သွားလာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်(ပြန်/ ဆက်)