ပေါင်မြို့နယ်၊ အ.ထ.က ထန်းပင်ချောင် အခြေခံပညာအထက်တန်းကျောင်း၌  လူငယ်စကားဝိုင်းကျင်းပ

ပေါင် ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို  ယနေ့နံနက်ပိုင်းက အ.ထ.က ထန်းပင်ချောင်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာပြီး အကောင်းအဆိုး အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်ချမှတ်နိုင်စေရန်၊ လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်း အပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်နှင့် လူငယ်များ ဗလငါးတန် ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် လူငယ်ရေးရာကော်မတီ ဒေါ်အေးသီတာအောင်တို့က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက်၊ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းကျင်းပရာသို့ ဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီ၊ မြို့နယ်ပြန်/ ဆက်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)