မင်းလှမြို့နယ် တောင်ဦးကျေးရွာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက တောင်ဦးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင်  မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာလှိုင်က ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၀၉ ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင် အသစ်ပြဌာန်းခဲ့ပြီး အသက်(၁၈)နှစ်အောက်ကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး၊ ကလေးသူငယ်၏အခွင့်အရေး(၄)ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးစသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)