ဟိုမိန်း ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ရှိ မြို့မဈေးတွင် ပွင်းလင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် မြို့မဈေးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုမိန်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးကျော်မင်းစိုးက အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဈေးသူဈေးသားများနှင့် ပြည်သူများသိရှိနိုင်စေရန်အတွက် အသေးစိတ်အသိပညာပေး ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မီးငြိမ်းသတ်ရေးကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍စနစ်တကျ မီးငြိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးသူဈေးသားများအား လက်တွေ့ပြုလုပ်စေခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုများနှင့် ဈေးသူဈေးသားများက လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(ဟိုမိန်း၊ ပြန်/ဆက်)