အလုံမြို့နယ်၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

အလုံ ​ဖေ​ဖော်ဝါရီ ၁၀

ကျောင်းသား​ကျောင်းသူများ  ဆေးလိပ်၊ ကွမ်းယာ အန္တရာယ်ကို သိရှိနိုင်​စေရန်နှင့် ​ရှောင်ရှားနိုင်​စေရန်ရည်ရွယ်၍  ရန်ကုန်တိုင်း​ဒေသကြီး၊  အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အ​ခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ဖောင်​ဒေးရှင်းတို့ပူး​ပေါင်း၍ ယ​နေ့မွန်းလွဲ ၁ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်း​ကျောင်း၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ချိုက ​ဆေးလိပ်​သောက်ခြင်း​၊ ကွမ်းစားခြင်း​ကြောင့်ဖြစ်ပေါ်လာမည့် အန္တရာယ်များအ​​ကြောင်း​နှင့် ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိင်ပွဲကို ကျင်းပရာ ​ကျောင်းသား​၊ ​ကျောင်းသူ​လေးများက “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ”ကဗျာစာအုပ်ပါ ကြိုက်နှစ်သက်ရာ ​ကဗျာများဖြင့် အုပ်စုလိုက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခြင်းနှင့် ကျောင်းအကျိုးတော်ဦးအောင်စိုးမှ ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)