ကြံခင်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်ဆုံးရှုံးမှု လျှော့နည်းပပျောက်စေရန် အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ စက်ရုံဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်ဦးစီးမှုး ဦးကိုကိုနိုင်က စက်ရုံဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားတတ်သော အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြု မီးငြိမ်းသတ်ခြင်းများကို အသိပညာပေး ရှင်းလင်း ဟောပြောသည်။
ထို့နောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြရာ စက်ရုံဝန်ထမ်းများအား ဆီမီး(DCP)မီးသတ်ဆေးဗူးဖြင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ် မီးငြိမ်းသတ်နိုင်ရန် ပြသပေးခြင်း၊ အဝတ်ရေစိုဖြင့် အရေးပေါ် မီးငြိမ်းသတ်ပုံများ၊ မီးသတ်ပိုက်ဖြင့် စနစ်တကျ ငြိမ်းသတ်ပုံများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေလှောင်ကန်များ ဆောင်ရွက်ထားရှိခြင်းအား စစ်ဆေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)