ဖျာပုံမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ဖျာပုံ ဖေဖော်ဝါရီ ၈

လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားရေး နှုတ်မှုစွမ်းရည် ထက်မြက်ရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရေး စသော ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အ.ထ.က(၁) ကျောင်း၊ အောင်​မြေခန်းမတွင် ယနေ့ နေ့လယ် (၁)နာရီခွဲအချိန်၌ လူငယ် စကားဝိုင်း ကျင်းပဆောင်ရွက်သည်။

အဆိုပါ လူငယ်စကားဝိုင်းအား ဖျာပုံခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စကားဝိုင်းတွင် ဖျာပုံခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင် က အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြသော လူငယ်၊ လူရွယ်များသည် လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ မကြာခဏ ဆောင်ရွက်ရန် လိုအပ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေး က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် အတူ အ.ထ.က ၁ (ဖျာပုံ) ကျောင်း၏ ကျောင်းသားလူငယ်များက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါးလူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်များဖြင့် အကျယ်တဝင့် ပြည့်စုံစွာဆွေးနွေးကြပြီး စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား လူငယ်များမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများ က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းနှင့် စကားဝိုင်းအပြီးတွင် အ.ထ.က. ၁ (ဖျာပုံ) ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)