ဖျာပုံ ဖေဖော်ဝါရီ ၈
လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားရေး နှုတ်မှုစွမ်းရည် ထက်မြက်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရေးစသော ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အ.ထ.က(၁)ကျောင်း၊ အောင်မြေခန်းမတွင် ယနေ့နေ့လယ် (၁)နာရီခွဲအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။
အဆိုပါ လူငယ်စကားဝိုင်းအား ဖျာပုံခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး စကားဝိုင်းတွင် ဖျာပုံခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်က အနာဂတ်၏ ခေါင်းဆောင်များဖြစ်ကြသော လူငယ်၊ လူရွယ်များသည် လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ မကြာခဏ ဆောင်ရွက်ရန်လို အပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ် ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးနှင့် အတူ အ.ထ.က ၁ (ဖျာပုံ) ကျောင်း၏ ကျောင်းသားလူငယ်များက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်များဖြင့် အကျယ်တဝင့် ပြည့်စုံစွာ ဆွေးနွေးကြပြီး စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ သက် ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းနှင့် စကားဝိုင်းအပြီးတွင် အ.ထ.က ၁ (ဖျာပုံ) ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်