မဘိမ်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မဘိမ်း ဖေဖော်ဝါရီ ၁၀         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းအကြောင်းအရာများ၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ ပြည်ထောင်စုစိတ်ဓာတ် စသည့်အကြောင်းအရာများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးတို့ကို ကျောင်းသား၊ ကျောင်းသူလူငယ်များအား သိရှိနိုင်စေရန် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ဆက်လက်ကျင်းပရာ ပြပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)