(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်သောက်သုံးရေကန် ဖွင့်ပွဲကျင်းပ

ဝေါ ဖေဖော်ဝါရီ ၉

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်ရည်ရွယ်၍ ကျေးလက်သောက်သုံးရေကန် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဗျားထမင်းဆိုင်ကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ သောက်သုံးရေကန်၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ သောက်သုံးရေကန်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ သောက်သုံးရေကန်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် မြေသားရေကန် (၂×၁၇၀×၂၀×၇)ပေ (၁×၁၄၀×၇၀×၇) ပေနှင့် ခြံစည်းရိုးကာရံခြင်း (၈၀၀×၅)ပေတို့ကို တောင်ငူရတနာကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဝေါမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရှိရေးလုပ်ငန်း (၁၁)ခုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)