ရေတာရှည် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက အ.ထ.က(ရေတာရှည်) အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုစံက လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ရေတာရှည်) Grade-11 ကျောင်းသား/ သူလေးများဖြစ်သော မောင်လှိုင်ဝေသော်မှ ခေါင်းဆောင်မှုစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဇင်မိုးမှ လူငယ်များအတွက်တွန်းအား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေသက်ပိုင်မှ လူငယ်နှင့်စာနာမှု ခေါင်းစဉ်ဖြင့်လည်းကောင်း မရွှန်းလဲ့ဦးမှ လူငယ်နှင့်အချိန် ခေါင်းစဉ်ဖြင့်လည်းကောင်းပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်ရဲမှူး ဦးဌေးဝင်းအောင်၊ မြို့နယ်ပညာရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ ဆက်)