ချောင်းဆုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေး အန္တရာယ်များနှင့် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် ပညာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ ယမန်နေ့က၊ ချောင်းဆုံမြို့နယ်၊ ဘိုးနက်(အလက-ခွဲ) အခြေခံပညာကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြမှုများ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသက်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန်းဆွေက ကျောင်းသား/ကျောင်းသူများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံနည်းလမ်း များကို ရှင်းလင်းပြောကြားပြီး ဆရာ/ဆရာမ ကျောင်းသူ/ကျောင်းသားများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြခဲ့ကာ ကျောင်းသား/ကျောင်းသူများကလည်း လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါသရုပ်ပြပွဲကို မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)