မော်လမြိုင် ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ အခြေခံပညာဦးစီးဌာန၊ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေး အဖက်ဖက်မှ အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကဏ္ဍမှာ သင်ကြားရေးဝန်ထမ်းဆရာ/ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ၊ ပညာရပ်နယ်ပယ်များ အရည်အသွေးပြည့်ဝစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ့ အရည်အသွေးပြည့်ဝတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်လာစေဖို့ မိမိတို့ သိသင့်သိထိုက်သော အသိပညာအတတ်ပညာမှန်သမျှကို လေ့လာဆည်းပူးသင်ယူသွားကြဖို့လိုအပ်ကြောင်း၊ သင်တန်းကပို့ချသင်ကြားပေးလိုက်သည့် သင်ခန်းစာများအပြင် မိမိတို့၏အတွေ့အကြုံများ ဗဟုသုတများနှင့်ပေါင်းစပ်ပြီး အရည်အသွေးပြည့်ဝတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ကြပါလို့ မှာကြားလိုကြောင်း၊ အခြေခံပညာအဆင့်မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူများ အားလုံးသတ်မှတ်ထားသော အသိပညာကျွမ်းကျင်မှုနှင့် သဘောထား အယူအဆအမြင်များကို ပညာသင်ကြားမှု နည်းစနစ်များနှင့်အညီ လေ့လာသင်ယူနိုင်သူများဖြစ်ကြစေရန်နှင့် ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာပေါ်ထွက်လာပါစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြင့် သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
မွန်ပြည်နယ်တွင် လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများသင်တန်းအား သင်တန်းသား/သူ ၃၀၉ ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)