ဇီးကုန်း ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုဝက်ကော်ကျေးရွာ အ.လ.က(ခွဲ)မှ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးဟောပြောပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာမများက ဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)