မုံရွာတက္ကသိုလ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး နှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါမုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ အောင်ကျော်သင်၊ ဒုတိယပါမောက္ခချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများနှင့် နည်းပြ/သရုပ်ပြဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်က ဂုဏ်ပြုအမှာစကားများပြောကြားပြီး ဘာသာရပ်အလိုက် နည်းပြ/သရုပ်ပြဆရာဆရာမများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဘာသာရပ်အလိုက်ဌာနမှူးများက မုံရွာတက္ကသိုလ်၏ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသော နည်းပြ/သရုပ်ပြ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်နှင့် တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ မုံရွာတက္ကသိုလ်၏ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲတွင် ညီညာမှပြည်သာမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင်စည်းလုံးချစ်ကြည် ပြည်ထောင်စုဆီခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင်ပြည်ထောင်စုအကျိုးတို့သယ်ပိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပန်းချီပြိုင်ပွဲတို့တွင်ပြည်ထောင်စုပွဲညီညာနွှဲ ခေါင်းစဉ်ဖြင့်လည်းကောင်း နည်းပြ/သရုပ်ပြ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၅၀)ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)