ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၁၈)ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း (မြို့သစ်) တွင် ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူက စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်တတ်စေရန်၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ စေရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊ တစ်ကိုယ်ရေအမှိုက်စွန့်ပစ်မှု လျော့ချနိုင်ရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားပြီး၊ ဦးစီးအရာရှိဒေါ်နီနီခိုင်ကအမှိုက်စို၊ အမှိုက်ခြောက်ခွဲခြား စွန့်ပစ်မှုအကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု ကစားနည်းဖြင့် သရုပ်ဖော်ယှဉ်ပြိုင်စေပြီး ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်ထမ်းများမှ အမှိုက်စည်းကမ်းမဲ့စွန့်ပစ်မှုမရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)