(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီးကုန်းမြို့နယ် စိန်ဘုံသာကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းဖွင့်ပွဲကျင်းပ

ဇီးကုန်း ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ဘဲအင်းကျေးရွာအုပ်စု စိန်ဘုံသာကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာရေတင်စနစ်စက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နိုင်နိုင်ဝင်းက ဆိုလာရေတင်စနစ် စက်ရေတွင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက စက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စက်ရေတွင်းရေပေးဝေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ စိန်ဘုံသာကျေးရွာစက်ရေတွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၁ ဒသမ ၉၀၂၆ သန်းဖြင့် ၄ လက်မ ပေ ၃၀၀တွင်းနက်တစ်တွင်း၊ ဂါလံ ၂၄၀၀ ဆံ့ရေစု စင်မြင့်ရေစင်တစ်ခုနှင့် ဆိုလာရေတင်စနစ်တို့ပါရှိကြောင်း စိန်ဘုံသာကျေးရွာမှ အိမ်ခြေ (၁၃၁) အိမ်မှ လူဦးရေ ၄၈၉ ဦးတို့မှ သန့်ရှင်းသော သောက်သုံးရေရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးရွာအုပ်စုအတွင်း ဒေသခံပြည်သူများသည်နွေရာသီရေရှားပါးချိန်တွင် သောက်သုံးရေအတွက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ကြောင်း ယခုဆိုလာရေတင်စနစ်ဖြင့် စက်ရေတွင်းရရှိခဲ့သောကြောင့် ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

တင့်ဆွေ(ပြန်/ ဆက်)