ရွှေတောင်မြို့နယ်တွင် ကုန်ထုတ်လုပ်မှုဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျေးရွာ(၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက ကြို့ကုန်းကျေးရွာအုပ်စု၊ သပြေလှကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ် စီမံကိန်း ဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်‌နေဂျာ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှတာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သက်တမ်းတိုစပါးများ စိုက်ပျိုးနိုင်ရေးဒေသခံတောင်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဒေသခံ တောင်သူ ( ၁၁၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကြို့ကုန်းကျေးရွာအုပ်စုရှိ နတ်မှော်မြစ်ရေတင်ဖြင့် မြောင်းလက်တံများအလိုက် နွေစပါးစိုက်ပျိုးရေပေးဝေမှု၊ ရေဝင်ရောက်ရှိမှုအခြေအနေများ၊ မြေပြင်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် သက်တမ်းတိုးစပါးများ စိုက်ပျိုးနိုင်ရေးတို့အား သက်ဆိုင်ရာတောင်သူများနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကိုမင်း( ပြန် / ဆက်)