ခန္တီး ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကော်ဖီစိုက်တောင်သူများ ကော်ဖီစိုက်ပျိုးမှုနည်းစနစ် မှန်ကန်စေရန် ရည်ရွယ်၍ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၉:၃၀) အချိန်က ဇီးဖြူကုန်းရပ်ကွက်၊ တောင်သူ ဦးသက် နေအိမ်ရှိကော်ဖီခြံအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ဦးစီးအရာရှိဦးသူရိန်နိုင်က ကော်ဖီပင်ကိုင်းဖြတ် ပြုပြင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားကာ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်း လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် ကော်ဖီစိုက်ပျိုးမှုနည်းပညာသင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ပြုလုပ်ခဲ့ရာ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ ဦးစီးအရာရှိ ဦးသူရိန်နိုင်က ကော်ဖီမျိုးစေ့စိုက်ပျိုးနည်းစနစ်များအား သင်ကြားပို့ချခဲ့ပြီး ကော်ဖီမျိုးစေ့အစို့ဖောက်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲနှင့် သင်တန်းသို့ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံ ကော်ဖီစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် တောင်သူများအား စိုက်ပျိုး ရေးဦးစီးဌာနမှ ထုတ်ဝေသော ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်းနည်းစနစ် လက်ကမ်းစာစောင်များ၊ ကော်ဖီမျိုးစေ့များ၊ ကော်ဖီပျိုးပင်ပေါက်များအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)