မအူပင် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၁) ကျောင်း ယမုံနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က (ခွဲ) အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မြင့်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ဇင်မာခိုင်နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဒုတိယဥက္ကဋ္ဌ ဆရာဦးစိုး (ပညာရေး-ငြိမ်း)တို့က ဦးဆောင်ဆွေးနွေးကာ Grade-11 ကျောင်းသား မောင်သော်လင်းထက်မှ လူငယ်နှင့်ပညာရေး၊ Grade-11 ကျောင်းသား မောင်ဝေယံအောင်နှင့် မောင်ဟန်ထူးအောင်တို့က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-10 ကျောင်းသူ မခင်ထက်ထက်နိုင်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူ မဘုန်းသစ္စာခန့်က လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်များပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များအားမေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)