ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club)နှင့်ပူးပေါင်း၍ မိဘပြည်သူများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ နေ့ထူးနေ့မြတ်များသိရှိစေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်း အရာများကို သိရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးသန်းဦးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်ထိ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊ ပင်လုံစာချုပ်အကြောင်း၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများနှင့် ပင်လုံစာချုပ်ပါအချက်များအကြောင်းကို  အသိပညာပေးဆွေးနွေး ပြောကြားသည်။

ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် လစဉ်ပုံမှန်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)