ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ငဖဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းခြင်းကို ယနေ့နံနက် ၉ နာရီက အိုးမြေတွင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် အိုးမြေတွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ နယ်လှည့်အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် အမြှောက်ကြိုက်တဲ့ကျီးကန်းပုံပြင်ကို ကျောင်းသား/သူ များအား အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊   ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးမှတ်တမ်း ဓာတ်ပုံများကိုပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)