ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းပြီးစီးမှု ကြည့်ရှု စစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာအုပ်စု၊ ညောင်ခြုံကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာတွင် ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၃၇၅၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ မြေနီ ကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းနှင့် စပ်လျဉ်းပြီး ကြည့်ရှုစစ်ဆေးရာ ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းအားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ရှင်းလင်းပြောကြားသည်။

ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာအုပ်စု၊ ညောင်ခြုံကျေးရွာ၌  ကျေးရွာတွင်းလမ်းအရှည်ပေ ၃၇၅၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀) အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၁၂၅ အိမ်၊ လူဦးရေ ၃၇၇ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ကျေးလက်ဒေသထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)