စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးရှိ မီးငြှိမ်း သတ်ယာဉ်များနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိစစ်ကိုင်းတိုင်းဒေသကြီး မီးသက်ဦးစီးဌာနရုံးရှိ မီးငြှိမ်းသတ်ယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းထွဋ်ဦးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များ၏ မီးလောင်မှုများဖြစ်ပွားမှု အခြေအနေ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေ၊ မီးငြှိမ်းသတ်ယာဉ်များ ခွဲဝေဖြန့်ထားမှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဝယ်ယူဖြည့်တင်းမည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မကြာမီနွေရာသီရောက်ရှိလာတော့မည်ဖြစ်ရာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်း၊ ဟောပြောခြင်းလုပ်ငန်းများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းများ ရွက်သွားကြရန် လိုပါကြောင်း၊ မီးငြှိမ်းသတ်ယာဉ်များ ကြံ့ခိုင်မှုရှိစေရေး၊ မြို့သန့်ရှင်းသပ်ရပ်စေရေး လုပ်ငန်းများတွင် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့်ဆောင်ရွက်သွားကြရန် မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ဖြင့် ဆေးကုသမှုခံယူနိုင်ရေးနှင့် ဆေးရုံကြီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရန်အတွက် မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် နေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော လူနာများအားအဟာရဖြည့်စွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးကုသခံယူမှုအခြေများအား လိုက်လံ ကြည့်ရှုအားပေးခြင်းနှင့် လိုအပ်သည်များကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဆေးရုံအုပ်ကြီးတို့နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး (ပြန်/ဆက်)