ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ဒေသခံတောင်သူများကို ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရေး ရေဆင်း(၆)ကုလားပဲသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိ

ပွင့်ဖြူ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စို က်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ မျိုးသန့်ခြံစိုက်ပျိုးလယ်မြေ၌ အထွက်နှုန်း ကောင်းမွန်သော ရေဆင်း(၆)ကုလားပဲသီးနှံဧက ၅၀ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (မျိုးသန့်ခြံ) တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ  ဒေသတွင်းရှိ တောင်သူတွေကို အထွက်နှုန်းကောင်းမွန်သော ကုလားပဲသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့ အဆင်ပြေစွာ ဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်ပြီး မျိုးသန့်ခြံ စိုက်ပျိုး လယ်မြေမှာ ရေဆင်း(၆) ကုလားပဲ မျိုးစေ့ထုတ်စိုက်ခင်း ဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ) အနေနဲ့ နှစ်စဉ်နှစ်တိုင်း တိုင်းဒေသကြီးအတွင်းရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးတွေ ကုလားပဲသီးနှံစိုက်ပျိုးရာတွင် သီးနှံ ဝင်ငွေတိုးပွားစေရန်၊  ပြည်သူတွေ စားနပ်ရိက္ခာဖူလုံစေရန်နဲ့ ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး ကုလားပဲသီးနှံ ရေဆင်း(၆)နဲ့ ရေဆင်း(၁၂) မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုး ထုတ်လုပ်ပြီးတော့ တောင်သူဦးကြီးတွေကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ တောင်သူတွေကို မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနား လည်ပြီး စနစ်တကျရွေးချယ်စိုက်ပျိုးတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့နဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွေ တိုးတက်လာစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်က ပြောသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ ကုလားပဲသီးနှံများ စိုက်ပျိုးရာတွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပဲသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)စိုက်ပျိုးလယ်မြေတွင် ရေဆင်း(၆)ကုလားပဲ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း(၆)ကုလားပဲသီးနှံ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရကာ ယခုအခါ ကုလားပဲသီးနှံမျိုးစေ့ထုတ်စိုက်ခင်းမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )