မင်းဘူး ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်ကကျောင်းသား လူငယ်လေးများအား အားလပ်သည့်အချိန်များနှင့် နွေရာသီကျောင်းပိတ်ချိန်များတွင် ပြင်ပစာပေများ ဖတ်ရှုလေ့လာကြစေလိုကြောင်းနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက လူငယ်များအတွက် အားကစားကအရေးပါပုံကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်သည့်ရက်စွဲ၊ သုံးစွဲပုံ၊ သုံးစွဲနည်းကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် ဓါတ်မတည့်သည့် ဖော်ပြချက်များပါမပါကို ရှင်းလင်းပြောကြားကာ Grade-11 နှင့် Grade -10 မှ ကျောင်းသား၊ ကျောင်းသူလေးများဖြစ်ကြသော မဆုရည်က လူငယ်နှင့် စာပေ၊ မောင်သူရဇော်က လူငယ်နှင့်အားကစား၊ မဖြူဖြူကျော်က လူငယ်နှင့်ကျန်းမာရေးနှင့် မောင်ဖိုးကျော်က လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)