ဟင်္သာတ ဖေဖေါ်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ဥယျာဥ်မြောက်ရပ်၊ အမှတ်(၅ ) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးမြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟင်္သာတမြို့နယ်စာရေးဆရာအသင်းဝင် ဒေါ်ခင်စောဦး (ကလောင်အမည်ခင်ရှင်စော)မှ ယမန်နေ့ လူငယ်များဘာဖြစ်ချင်သလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဟင်္သာတမြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ ပန်းမြိုင်လယ်စိန်းဝင်းမှ လူငယ်နှင့်မူးယစ်ဆေးဝါး အကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမမအိမှ လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(၅) ကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်း(၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)