ပြည် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ယနေ့နံနက်ပိုင်းက "စားသုံးသူကာကွယ်ရေးနှင့် အစားအသောက်၊ ဆေးဝါးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲကျင်းပရာ ယင်းတက္ကသိုလ်မှပါမောက္ခ ဒေါက်တာအေးပပမြနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၀) ကျော်တက်ရောက်သည်။
ဟောပြောပွဲကို ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကွန်ပျူတာ တက္ကသိုလ် (ပြည်) ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ကျင်းပခြင်းဖြစ်ကာ ဟောပြောပွဲတွင် ရှေးဦးစွာ အဆိုပါတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ အေးပပမြက အဖွင့်အမှာစကားပြောကြားပြီး စာသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက "စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးသူပြည်သူများ၊ အစားအသောက်ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအပါအဝင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောသည်။ဆက်လက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆိုးဆေးများအကြောင်း အပါအဝင် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သိရှိထားသင့်သည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောပြီး တက်ရောက် လာသော ယင်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် ပြန်လည်မေးမြန်းဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြား ဆွေးနွေးပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)