အုတ်တွင်း ဖေဖော်ဝါရီ ၈
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ပဲခူးလမ်းရပ်ကွက် အ.လ.က(ခွဲ)မှ တက်ရောက်လာသော ကျောင်းသား ကျောင်းသူ (၃၀)ဦးအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်/ စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)