မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)  (၁၉၂ × ­၃၈)ပေ သံကူကွန်ကရစ်(၃)ထပ် စာသင်ဆောင်အဆောက်အဦ ကြည့်ရှုစစ်ဆေး

မကွေး ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့မွန်းလွဲ ၃ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)သို့ သွားရောက်၍(၁၉၂ × ၃၈)ပေ သံကူကွန်ကရစ်(၃)ထပ် စာသင်ဆောင်အဆောက်အဦ တည် ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)သို့ ရောက်ရှိစဉ် (၃)ထပ် စာသင်ဆောင် အဆောက်အဦခန်းမ၌ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးခင်မောင်ညွန့်က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က (၁၉၂ × ၃၈)ပေ သံကူကွန်ကရစ် (၃)ထပ် စာသင်ဆောင်အဆောက်အဦ ဆောက်လုပ်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်(၃)ထပ် စာသင်ဆောင် အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမများနှင့် ပညာသင်ယူနေသည့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာ ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေး လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး အားကစားလှုပ်ရှား ဆောင်ရွက်နိုင်ရန် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကို လူငယ်လူရွယ်တိုင်း နည်းပညာနှင့် သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီးပေးပြီး အရည်အချင်းရှိသော နည်းပညာနှင့် သက်မွေးပညာရပ် အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေ တိုးတက်မှုတို့အတွက် နညးပညာနှင့်သက်မွေးပညာ၏ ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသလိုအပ်ချက်ဖြစ်သော နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန် ရည်မှန်းချက်များဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် အဓိကဘာသာရပ်များအဖြစ် အဆောက်အဦနည်းပညာ၊ အီလက်ထရောနစ်နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော်ယာဉ်နည်းပညာ၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာနှင့် သုတနည်းပညာ စသည့် သင်တန်းများကို သင်ကြားပေးလျက်ရှိပြီး၊ ယခုအခါ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်တတ်မြောက်သော ကျောင်းသား၊ ကျောင်းသူ (၉၃၀)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း  သိရသည်။ 

မောင်ညီညာ