ကသာ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စာရေး ဆရာများအသင်းတို့ ပူးပေါင်း၍ “(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် (၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးနှင့် ကသာမြို့နယ် စာရေးဆရာများအသင်းမှ ဦးသန်းဦး (ကြယ်ပြောင်/ကသာ)တို့က ဆွေးနွေးခဲ့ကြရာ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့စေရန်အတွက် ပြည်ထောင်စု စိတ်ဓာတ်ရှိစေရေး၊ လူငယ်/လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်ရှိကြစေရေး၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအကြောင်းအရင်း များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ စာရေးဆရာ ဦးသန်းဦး (ကြယ်ပြောင်-ကသာ)က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုပြီး ရှမ်းပြည်နယ် ကိုယ်စားလှယ်များနှင့် လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းအရာများ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေး ထိုးခဲ့သည့် ဗမာ၊ ရှမ်း၊ ချင်း၊ ကရင် ကိုယ်စားပြုကိုယ်စားလှယ်များ စုစုပေါင်း(၂၃)ဦးရှိကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုကြီး တစ်ခုလုံးသည် တစ်မိသားစုတည်း တစ်အိမ်တည် လက်ခံမှတ်ယူထားပါကြောင်း၊ တိုင်းရင်းသား အားလုံးသည် ဆွေးမျိုးသားချင်း ညီအစ်ကိုမောင်နှမများ ဖြစ်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ဦးသန်းဦး (ကြယ်ပြောင်-ကသာ)က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်ပါ ကဗျာဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားထားသည့် “စုဖွဲ့ပြည်ထောင် လှေတစ်စင်ရယ်နဲ့” ကဗျာကိုရွတ်ဆိုပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ဖတ်ကြားရှင်းလင်းပေးခဲ့ ကြောင်း သိရသည်။
ကျော်စွာ(ကသာ)