ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ အ.ထ.ကကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေ ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်စကားဝိုင်း" ဆွေးနွေး ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဖျာပုံမြို့နယ် သမိန်​ထောကုန်းတန်း ကျေးရွာအုပ်စု၊ အထကကျောင်း၊ အနန္တဂုဏ် ရည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဖျာပုံမြို့နယ်၊ သမိန်ထောကုန်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူငယ်စကားဝိုင်း"ကို ကျင်းပရာဦးဆောင် ဆွေးနွေးသူများအဖြစ်၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုမြတ်သဲ၊ သမိန်ထောကုန်းတန်းကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးတို့နှင့် အတူ သမိန်ထောကုန်းတန်းကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း Grade(11)မှ မောင်ခန့်ညားကျော်က "လူငယ်နှင့် စာရိတ္တ၊ Grade(10)မှ မောင်သျှင်တီဦးက "လူငယ်နှင့် အနာဂတ်"၊ မခင်မြတ်မွန်က "လူငယ်နှင့်စာပေ"၊ မအိနန္ဒာဝင်းထွဋ်က "လူငယ်နှင့် အားကစား" စသည့် ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များ မေးမြန်းချက်များအား ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ သမိန်ထောကုန်းတန်းကျေးရွာ အ.ထ.က. ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ဦးက ကျေးဇူး တင်စကား ပြောကြားခဲ့ပြီး အဆိုပါ စကားဝိုင်းသို့ သမိန်ထော ကုန်းတန်းကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ခဲ့​ကြကြောင်း သိရသည်။

ဖျာပုံခရိုင်ပြန်/ဆက်